မောင်တောနယ်စပ်ရှိ တိုင်းရင်းသားပိုင် စပါးခင်းများ ရိတ်သိမ်းရန် လုပ်သားအခက်အခဲကြုံတွေ့

 မောင်တောနယ်စပ်ဒေသရှိ ပိုင်ရှင်ရှိသော တိုင်းရင်းသားစပါးခင်းများကို ရိတ်သိမ်းရန် လုပ်သားအခက်အခဲရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအား စပါးရိတ်သိမ်းစက်များဖြင့်ရိတ်သိမ်းပေး စေလိုကြောင်း စပါးစိုက်တောင်သူများက ပြောသည်။

 လက်ရှိတွင် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနသည် မောင်တောဒေသ၌ ပိုင်ရှင်မဲ့ဖြစ်နေသော စပါးဧကခြောက်သောင်းခန့်ကို ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရိတ်သိမ်းပေးနေ သည်။

 "ပိုင်ရှင်မဲ့စပါးတွေ ရိတ်သိမ်းပေးသလို ပိုင်ရှင်ရှိတဲ့ တိုင်းရင်းသားလယ်တွေကိုလည်း ရိတ်သိမ်းပေးစေချင်ပါတယ်။ လက်ရှိတောင်သူတွေ လုပ်သားအခက်အခဲ တော်တော်ရှိနေပါတယ်။ တောင်သူတွေ ကိုယ်နိုင်သလောက်တော့ ရိတ်နေကြပါတယ်" ဟု မောင်တောမြို့နယ် ရွက်ညိုတောင်ကျေးရွာမှ တောင်သူ ဦးထွန်းစိန်မောင်ကပြောသည်။

 ပိုင်ရှင်ရှိ တိုင်းရင်းသားစပါးခင်းများကို ရိတ်သိမ်းပေးရန် မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း(MAPCO) နှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ရိတ်သိမ်းခြွေလှေ့စက်များကို ထပ်မံ ပို့ဆောင်ပေးနေသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တူတွင်းဝန်ကြီးဌာန ဦးကျော်လွင်ကပြောသည်။ " အတိုင်းအတာ တစ်ခုထိမှန်ပါတယ်၊ ရိတ်သိမ်းနိုင်ဖို့ MAPCO နဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ ရသေ့တောင်ကို ဆယ်စီးပို့ထားပါတယ်၊ ဒီနေ့ (နိုဝင်ဘာ၂၇ ရက်) မောင်တောကို ခြောက်စီးပို့ရန် ညှိနှိုင်းပြီးပါပြီ" ဟု ၎င်းကပြောသည်။

  မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း လယ်ယာလုပ်ငန်းအတွက် လုပ်သားရှားပါးမှု အကြီးအကျယ် ကြုံတွေ့နေကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

Source - Daily 7 days Journal

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010